”တိမ်ဖုံးလို့ လမသာဘူးတဲ့လား”
သတိရဖို့ကို မေ့ပစ်ပါ
ပြီးရင်
မေ့ပစ်ဖို့ကို သတိရပါ…
အချစ်ဆိုတာ
တခါတခါ တစ်ချပ်မှောက်ဖဲကစားသလိုပဲ
ပြထားတဲ့ဖဲလေးချပ်ထက်
မှောက်ထားတဲ့ဖဲတစ်ချပ်က
ပိုပြီးအရေးပါနေတတ်တာမျိုး…
ညီမလေးရယ်
လမ်းတွေဆိုတာလျှောက်ဖို့ထားတာပဲ
ဘာဖြစ်လို့ရပ်တန့်တွေဝေနေမလဲ
မနက်ခင်းတိုင်းတော့
နေမင်းကထွက်နေတုံးပါပဲကွယ်….။
(၂)
မိုးညတွေလည်း ရှည်ခဲ့ပြီ
အလွမ်းစတွေလဲ ကျေခဲ့ပါပြီ…
မိုးတွေရွာတဲ့အခါ
ထီးဆောင်းတဲ့အခါ ဆောင်း
မိုးကာဝတ်တဲ့အခါ ၀တ်
ဒါမှမဟုတ်
ဒီအတိုင်းပဲ စိုစွတ်ရင်လဲ
စိုစွတ်ပါစေကွယ်..
ဘာပဲဖြစ်ဖြစ်
မင်းအတွက်
မိုးရေသုတ်ပေးမယ့် သူတွေရှိနေတယ် ညီမလေးရဲ့…။
(၃)
မွေးဖွားရာကနေ သေဆုံးခြင်းကြား
မင်းကလေး
ကောင်းကောင်းနေ ကောင်းကောင်းသွား
ကောင်းကောင်းစား ကောင်းကောင်းအိပ်
ငါတို့ရဲ့ နေ၀င်ချိန်တွေ
သိပ်စောလွန်းနေလဲ ကိစွမရှိဘူး….
အစကတည်း
ချစ်ခြင်းတရားဟာ အဆုံးသတ်မှမရှိဘဲ
ဘာဖြစ်လို့များ
ပေါင်းစပ်ခြင်းလို့ အဓိပါယ်ဖွင့်နေမှာလဲ
ညီမလေးရယ်
နှင်းဆီပန်းဆိုတာ
အမြဲတမ်း ဆူးတွေရဲ့ အထက်မှာမှ ရှိတယ်…။
(၄)
ဒီလောကမှာ
မသေချာတာတွေချည်း များနေတော့လည်း
သေချာတယ်ထင်မိတိုင်း
ကြောက်’ ကြောက်လာတယ်…
ညီမလေးရယ်
အပြင်မှာရှိတာတွေက မတည်မြဲတတ်တော့လည်း
မင်းကလေး
အထဲမှာပဲ သိမ်းထားတာက
ပိုကောင်းလိမ့်မယ်…။
(၅)
ဒီအိပ်မက်တွေကိုက
ပိတောက်ပန်းတွေလို
ဘယ်အချိန်မှာပွင့်ရမယ်ဆိုတဲ့
ကန့်သတ်ချက်မှ မရှိဘဲ
ဒီအတွက်
ဘာကိုမှ အပြစ်မတင်ပါနဲ့
ဘာကိုမှ စိတ်မကုန်ပါနဲ့
ဘာကိုမှ နောင်တမရပါနဲ့
လွမ်းစရာရှိတယ်ဆိုတာကိုက
ဘ၀မှာကျေနပ်ဖို့ကောင်းနေပြီပဲ ညီမလေးရဲ့
ကဲ…
ပန်းတွေလိုပဲ ပွင့်ပစ်လိုက်စမ်းပါ
ခူးမယ့်လူ ရှိရှိ မရှိရှိပေါ့…။ ။
(ရွှေယုန်လေးရဲ့ကဗျာလေးပါဗျာ…ကျနော်ကြိုက်လို့တင်လိုက်တာ)